Oct 24, 2022

အရာရာမှာ ပြီးပြည့်စုံချင်တဲ့စိတ်ကို ဖျောက်ပါ။

သူတစ်ပါးကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေပေးနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်အရင်ချစ်တတ်ဖို့လိုပါတယ်။

ဘဝဆိုတာဇာတ်ခုံတစ်ခုဆိုရင် ကျွန်မတို့က အဲဒီဇာတ်စင်ပေါ်က သရုပ်ဆောင်တွေနဲ့တူပါတယ်။ ဇာတ်ရုပ်တစ်ရုပ်တည်းမဟုတ်ဘဲ အမျိုးမျိုးကပြတင်ဆက်နေရတယ်။တစ်ခါတလေမှာ မိခင်လို၊ တစ်ခါတလေမှာ သမီးလို၊ တစ်ခါတလေမှာ ဦးဆောင်သူလို၊ တစ်ခါတလေမှာ လုပ်ဖော်ကိုင်ဖက်လို၊ တစ်ခါတလေမှာ အိမ်ရှင်မလိုပေါ့။

တစ်ခုစီအတွက် မျက်နှာဖုံးတစ်ခုသာပေးထားမယ်ဆို ကျွန်မတို့မှာ ၄-၅ ခုထက်မနည်း ရှိနေကြမှာ အသေအချာပါပဲ။ အဲဒါတွေကို ဟန်ချက်ညီအောင်လုပ်ရတာ သိပ်ခက်ပါတယ်။

ကျွန်မကိုယ်တိုင်ကြုံတွေ့ရတာရယ်၊ clients တွေနဲ့ စကားပြောရာကနေရတဲ့အတွေ့အကြုံအရ ပြောနိုင်တာတစ်ခုကတော့ အဲဒီလိုဟန်ချက်ညီနေအောင် မျှော်လင့်တာ၊ ကြိုးစားတာ၊ ဖြစ်မလာရင် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာကလည်း ကျွန်မတို့ကိုပိုပင်ပန်းစေတယ်ဆိုတာပါပဲ။

မိခင်ကောင်းဖြစ်ရမယ်၊ သားသမီးကောင်းဖြစ်ရမယ်၊ ခေါင်းဆောင်ကောင်းဖြစ်ရမယ်၊ ဆရာမကောင်းဖြစ်ရမယ် စတဲ့မျှော်လင့်ချက်တွေကို ထမ်းပိုးထားရတာ သိပ်ကိုမှ လေးလံတာပဲ။ ဘဝမှာ ဘာသာစုံဂုဏ်ထူးထွက်အောင် ကြိုးစားနေရသလိုမျိုးပါ။‍

ဒါကြောင့် Don’t be perfect. Just be yourself. ဆိုတာကို လက်ကိုင်ထားဖို့ကြိုးစားနေပါတယ်။‍

လစ်ဟာသွားတဲ့အခါရှိမယ်။ အားနည်းသွားတဲ့အခါလည်းရှိမယ်။ အဲဒါတွေကို လက်ခံပေးဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ်မှနားလည်မှုမပေးရင်၊ ကိုယ့်ကိုယ်ကိုယ်မှခွင့်မလွှတ်ရင်၊ ကိုယ့်ကိုယ်ကိုယ်မှ အနားယူဖို့မပြောရင် ဘယ်သူကလာနားလည်ပေးပါ့မလဲ။ ခွင့်လွှတ်ပေးပါ့မလဲ။ အနားယူဖို့လာပြောပါ့မလဲ။

စီးပွားရေးလုပ်နေတဲ့အခါ အိမ်မှုကိစ္စကို တခြားသူနဲ့လွှဲလိုက်ရတာရှိတယ်။ ကလေးနဲ့အချိန်ပေးနေတဲ့အခါ အလုပ်ကိစ္စကို ခဏမေ့ထားရတာရှိမယ်။ မိဘကိုပြုစုနေတဲ့အချိန်မှာ ကလေးကျောင်းကြိုဖို့ ပျက်ကွက်ချင်ပျက်ကွက်မယ်။

ကျွန်မတို့တွေ သူတစ်ပါးကို Delegation လုပ်ဖို့ပျက်ကွက်နေတာ အဲဒီလိုအရာရာမှာကိုယ်လုပ်မှဖြစ်မယ်၊ ကိုယ်လုပ်တာပဲကောင်းမယ်ဆိုတဲ့ စိတ်ကြောင့်လည်းပါပါတယ်။

ယူထားတဲ့ Role တွေအကုန်လုံးမှာ ပြီးပြည့်စုံနေချင်တာဟာ ကိုယ့်ကိုယ်ကိုယ်မချစ်ရာလည်း ရောက်ပါတယ်။

Self-love လို့ ပြောလိုက်ရင် ကိုယ့်ကိုယ်ကိုယ်ဆုချတာ၊ ပစ္စည်းတွေဝယ်တာ၊ ခရီးထွက်တာတွေပဲမြင်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး။ မိမိကိုယ်မိမိလက်သင့်ခံခြင်း၊ အနားပေးခြင်း၊ လူပီပီသသရှင်သန်စေခြင်းဟာလည်း Self-love ပါပဲ။

အထူးသဖြင့် ကျွန်မတို့အမျိုးသမီးတွေဆို ငယ်ရွယ်စဉ်မှာ မိဘနဲ့မောင်နှမအတွက်၊ ကြီးလာတော့ လင်ယောက်ျားနဲ့သားသမီးတွေအတွက် ဦးစားပေးရမယ်လို့ သွန်သင်ခံထားရတာများတော့ ကိုယ့်အတွက်ဆို အမြဲမေ့လျော့နေတတ်ကြတယ်။ အရာရာမှာ ပြည့်စုံချင်တဲ့စိတ်နဲ့ ဝန်ပိသလိုခံစားနေရတယ်။

ဒါကြောင့် အမျိုးသမီးတွေကိုတိုက်တွန်းချင်တာက ကိုယ်ယူထားရတဲ့အခန်းကဏ္ဍတိုင်းမှာ မပြည့်စုံချင်ပါနဲ့။ လူပီပီသသရှင်သန်ပါ။ ယူထားရတဲ့ Role တွေ သိပ်များနေရင်လည်း လျှော့ချပစ်ပါ။

တစ်ပါးသူကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေပေးနိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်ချစ်တတ်မှဖြစ်နိုင်တာပါ။‍

ထက်ရည်