ကိုယ်က ဘယ်နယ်ပယ်မှာ နာမည်ကောင်းတည်ဆောက်ချင်တာလဲဆိုတာကို အရင်ဆုံးရွေးချယ်ရပါမယ်။
ကိုယ့်ရဲ့ပုံရိပ်ကို အကောင်းဆုံးတည်ဆောက်ထားခြင်းက လုပ်ငန်းခွင်၊ လူမှုဆက်ဆံရေး၊ မိသားစုထဲမှာပါ အကျိုးရှိပါတယ်။ နယ်ပယ်တစ်ခုမှာ ကိုယ့်ရဲ့စကားကို အလေးပေးပြီးနားထောင်ကြတာ၊ ကိုယ့်ရဲ့အမြင်တွေက သူများအပေါ်လွှမ်းမိုးမှုရှိတာ၊ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကျိုးကျေးဇူးရှိတာ၊ လိုချင်တဲ့ရလဒ်တွေရတာ စတဲ့ ကောင်းကျိုးတွေရှိပါတယ်။
ဒါပေမဲ့ ပုံရိပ်ကောင်းဖို့၊ နာမည်ကောင်းရဖို့ တည်ဆောက်ကြတဲ့အခါ မှန်ကန်တဲ့အတွေးအခေါ်၊ မှန်ကန်တဲ့နည်းလမ်း၊ မှန်ကန်တဲ့စိတ်နေသဘောထားရှိဖို့က အရေးကြီးလှပါတယ်။ လူအထင်ကြီးရင်ပြီးရောဆိုပြီး ဝတ်စားပြောဆိုနေထိုင်တာ၊ ဆိုရှယ်မီဒီယာမှာရေးသားတာ၊ နာမည်ကြီးသူတွေနဲ့ပေါင်းတာတွေက ကိုယ့်ကိုရေရှည်ခိုင်မာတဲ့ပုံရိပ်ကို ရရှိစေမှာမဟုတ်ပါဘူး။
အဲဒီလိုပဲ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူး။ ငါလုပ်ချင်တာပဲလုပ်မယ်ဆိုတာမျိုးကိုလည်း အားမပေးလိုပါဘူး။ ကိုယ့်ရဲ့ကောင်းမွန်တဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်၊ လုပ်ဆောင်ချက်တွေကို လူမသိတာကြောင့် ကိုယ့်မှာထိုက်သင့်သလောက် ယုံကြည်လေးစားခြင်းမခံရတာမျိုး ဖြစ်တတ်ပါတယ်။
လုပ်ငန်းခွင်မှာမှ မဟုတ်ပါဘူး။ ပရဟိတလုပ်ချင်တယ်၊ သို့မဟုတ် အသိပညာမျှဝေတာတွေ လုပ်ချင်တယ်။ ယုတ်စွအဆုံး စာအုပ်လေးတစ်အုပ်ဖတ်တာကြိုက်လို့ ပြန်မျှဝေချင်တယ်ဆိုရင်တောင် ကိုယ့်ကိုလေးလေးစားစားနဲ့ နားထောင်တဲ့လူများလေလေ ကောင်းတဲ့စိတ်ကူးတွေက ပြန့်ပွားလေလေဖြစ်မှာပါ။ ကောင်းမွန်တဲ့၊ တော်တည့်မှန်ကန်တဲ့သူတွေ များလာလေလေ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်က ပိုပြီးကောင်းမွန်လာလေလေဖြစ်မှာပါ။
လူတွေလေးစားတာခံရဖို့ ခက်တယ်ဆိုရင် ပရော်ဖက်ရှင်နယ်တွေရဲ့လေးစားခြင်းကိုခံရဖို့က ပိုပြီးခက်ပါတယ်။ ဘယ်သူဘာထင်ထင် ဂရုမစိုက်ဘူးဆိုတဲ့လူတွေမှာ ပြဿနာမရှိပေမဲ့ ကိုယ့်ရဲ့ပုံရိပ်ကို ကိုယ်တိုင်လေးစားရတဲ့ ပရော်ဖက်ရှင်နယ်တွေ၊ ဆရာသမားတွေကလေးစားလာဖို့ အကြံပြုချက်လေးတွေကို မျှဝေလိုက်ရပါတယ်။
Image တည်ဆောက်ရင်၊ personal brand တည်ဆောက်ရင် လူကြိုက်များမယ်၊ ဆိုရှယ်မီဒီယာမှာ like များမယ်၊ ရှဲများမယ်၊ ကိုယ်ရောင်းတဲ့ကုန်ပစ္စည်းကို လူတွေ ဝယ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်က အပေါ်ယံဆန်လွန်းလှပါတယ်။ တကယ်တမ်းပုံရိပ်ကောင်း၊ နာမည်ကောင်းရှိလာရင် ဒီရလဒ်တွေက အလိုလိုရလာမှာပါ။ စတင်လုပ်ဆောင်တဲ့အချိန်မှာ စစ်မှန်ဖို့လိုပါတယ်။ ကိုယ်မဟုတ်တဲ့လူတစ်ယောက်အဖြစ် ကြာရှည်ဟန်မဆောင်နိုင်ပါဘူး။
နိုင်ငံကောင်းကျိုး၊ ကမ္ဘာကြီးကောင်းကျိုးတွေ မလုပ်နိုင်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်ရလာမဲ့နာမည်ကောင်းကိုသုံးပြီး ကိုယ်တိုင်နဲ့ကိုယ့်မိသားစု၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းနဲ့ ကိုယ့်မြို့ရွာ၊ ကိုယ့်ရဲ့ profession ကောင်းမွန်အောင်လုပ်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတော့ရှိစေချင်ပါတယ်။
ကိုယ်ဘယ်နယ်ပယ်မှာ နာမည်ကောင်းတည်ဆောက်ချင်တာလဲဆိုတာ ရွေးချယ်ရပါမယ်။ ဘယ်နေရာပဲဖြစ်ဖြစ် ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် နာမည်ကြီးရင်ပြီးရောဆိုပြီးလုပ်မိခဲ့ရင် နာမည်ကြီးကောင်းကြီးလာပါမယ်။ လေးစားမှုနဲ့ရေရှည်ခံမှုတော့ ရမှာမဟုတ်ပါဘူး။ ကိုယ်ကျင်လည်ချင်တဲ့နယ်ပယ်မှာ ကိုယ့်ရဲ့အသံ (voice) က အရာရောက်ဖို့လိုပါတယ်။
နယ်ပယ်ဆိုတဲ့နေရာမှာ အရင်တုန်းကတော့ အသက်မွေးဝမ်းကျောင်းတစ်ခုမှာပဲ နှစ်ပေါင်းများစွာလုပ်ကြပေမဲ့ ဒီနေ့ခေတ်မှာ အလုပ်တွေတစ်ခုထက်ပိုပြီးလုပ်ကြသလို နယ်ပယ်နှစ်ခု၊ သုံးခုမှာ ရှင်သန်ကြရတာမျိုးလည်းရှိပါတယ်။ Personal Image Specialist တွေကတော့ နယ်ပယ်နှစ်ခု၊ သုံးခုလောက်မှာ ကိုယ့်ရဲ့ credibility (အများယုံကြည်လက်ခံနိုင်စွမ်း) ကို တည်ဆောက်တာက အကြောင်းမဟုတ်ပေမဲ့ အဲဒီထက်များရင်တော့ ကိုယ့်အတွက်ခက်ခဲနိုင်တယ်လို့ သုံးသပ်ထားတာဖတ်ဖူးပါတယ်။ ကိုယ်ကျင်လည်ချင်တဲ့နယ်ပယ်တစ်ခုကို သေချာရွေးချယ်ပြီး ယုံကြည်မှုကို အရင်တည်ဆောက်၊ ပြီးမှ တဖြည်းဖြည်းချင်း ချဲ့ထွင်သွားစေချင်ပါတယ်။
ကိုယ်က ဘယ်ပရိတ်သတ်ရဲ့လက်ခုပ်တီးတာ၊ အားပေးတာခံချင်တာလဲဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။ တော်တည့်မှန်ကန်ပြီး ပညာရှိတဲ့ပရိတ်သတ်က လက်ခုပ်တီးပေးတာ ခံချင်တာလား။ ဘယ်သူမဆို လက်ခုပ်တီးမဲ့သူတွေကအားပေးရင် ကျေနပ်နေပြီလား။ ပညာရှင်အသိုင်းအဝိုင်းက ချီးကျူးတာကိုခံချင်တာလား။
ဘယ်သူဘာထင်ထင် ဂရုမစိုက်ဘူးဆိုသူတွေက ပုံရိပ်တည်ဆောက်ဖို့မလိုတာကြောင့် ဒီမှာချန်လှပ်ထားချင်ပါတယ်။ ငယ်ငယ်ကဖတ်ရတဲ့စာထဲမှာ ယောမင်းကြီးဦးဖိုးလှိုင်က သူ့စာတွေကိုမဖတ်ဘဲ ကောင်းလှချည်ရဲ့ဆိုပြီးပြောနေတဲ့ မြင်းထိန်းငတာကို နောက်မပြောပါနဲ့ကွာဆိုပြီး ပုဆိုးနဲ့ရွှေဒင်္ဂါးပေးပြီး နှုတ်ပိတ်ခဲ့ပါတယ်။ မဖတ်ရသေးဘဲ အသားလွတ်ချီးမွမ်းတာကို မခံချင်တာလို့လည်း ထင်မိပါတယ်။
ဒီတော့ ကိုယ့်လုပ်ဆောင်ချက်တွေကို ချီးမွမ်းမဲ့သူ၊ ကိုယ့်ကိုလေးလေးစားစားနဲ့ဆက်ဆံစေချင်သူတွေက ဘယ်လိုလူတွေလဲဆိုတာမျိုး စဉ်းစားစေချင်ပါတယ်။
လူတိုင်းက လောကဇာတ်ခုံပေါ်မှာ ကိုယ့်အပိုင်းနဲ့ကိုယ် အသုံးတော်ခံ ကပြနေကြရတာပါပဲ။ ကိုယ့်နေရာ၊ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးကပြနိုင်တယ်ဆိုရင် တာဝန်ကျေပါတယ်။ မင်းသား၊ မင်းသမီးဖြစ်ရမှ အကောင်းဆုံးကပြမယ်ရယ်လို့ မဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်ရတဲ့အချိန်ရှိသလို နောက်လိုက်လုပ်ရတဲ့အချိန်ရှိမယ်။ ကားလိပ်ဆွဲပေးရတဲ့အချိန်ရှိသလို မင်းသမီးသူငယ်ချင်းလုပ်ရတဲ့အချိန်လည်း ရှိမှာပါပဲ။
ဒီလိုပါပဲ။ ကိုယ်ရှင်သန်တဲ့ ကိုယ်ကျင်လည်တဲ့နယ်ပယ်မှာ ကိုယ်က မင်းသား၊ မင်းသမီးဖြစ်အောင်ကြိုးစားနေသလို သူများရဲ့နယ်ပယ်မှာဆိုရင် ကိုယ်ကလေ့လာသူဖြစ်နေနိုင်ပါတယ်။
ကိုယ့်နယ်ပယ်မှာ ကိုယ်ပဲအကောင်းဆုံး၊ အတော်ဆုံး၊ ကိုယ်ပဲအအောင်မြင်ဆုံးဖြစ်ချင်တဲ့စိတ်က အရင်ကတော့အလုပ်ဖြစ်နိုင်ပေမဲ့ ခုခေတ်လို ပူးပေါင်းကြ၊ မျှဝေကြ၊ တူတူတည်ဆောက်ကြတဲ့ခေတ်မှာ အားနည်းချက်ဖြစ်လာနိုင်ပါတယ်။
ကိုယ်နဲ့ Value ချင်းတူတဲ့သူ၊ ရည်ရွယ်ချက်ချင်းတူတဲ့သူ၊ လုပ်ဆောင်ချက်ခြင်းတူတဲ့သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြသလို တခြားလူတွေရဲ့အောင်မြင်မှုကိုလည်း မုဒိတာပွားပေးတတ်ဖို့လိုပါတယ်။
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ၊ ကိုယ့်ရဲ့အတွေးအခေါ်တွေက မှန်ကန်ရဲ့လား။ စစ်မှန်ရဲ့လား။ အများကိုတကယ်ပဲအကျိုးပြုနေရဲ့လား။ Update ဖြစ်နေ (ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်နေ) ရဲ့လား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ငါးနှစ်ကအတွေးအခေါ်တွေနဲ့ ပြောနေတုန်းပဲလား။ ကိုယ်တိုင်ရော အမြဲမပြတ်လေ့လာနေသလား ဆင်ခြင် သုံးသပ်နေစေချင်ပါတယ်။ ကိုယ့်ရဲ့အခြေခံလက်ကိုင်ထားတဲ့တန်ဖိုးတွေ ပြောင်းလဲဖို့မလိုပေမဲ့ လုပ်ကိုင်ပုံနည်းစနစ်တွေ၊ အတွေးအမြင်တွေတော့ ဆန်းသစ်နေဖို့ လိုပါတယ်။
လူတွေရဲ့ လေးစားမှု၊ ယုံကြည်မှုကို ရဖို့ခက်ပါတယ်။ ရေရှည်ခိုင်မာတဲ့ ယုံကြည်မှုရဖို့ ပိုခက်ပါတယ်။ ပရော်ဖက်ရှင်နယ်တွေရဲ့ လေးစားမှုကိုရဖို့ ပိုပြီးခက်ပါတယ်။
လူလေးစားအထင်ကြီးအောင် တမင်လိုက်လုပ်ဖို့ရာမလိုပါဘူး။ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်တန်ဖိုးထားတဲ့ values တွေကနေပဲ စရမှာပါ။ ဒါပေမဲ့ ကိုယ်ကျင်လည်ချင်တဲ့နယ်ပယ်မှာ ပညာရှင်တွေ နှာခေါင်းရှုံ့မခံရဖို့ကတော့ လိုအပ်တယ်လို့ ထင်မိပါတယ်။