Mar 24, 2021

အတွေးတွေ

ကိုယ်တွေးနေတဲ့အရာသည် ကိုယ့်ကိုတိုးတက်စေနိုင်လား၊ အကျိုးရှိစေလားဆိုတာကို ဆန်းစစ်ကြည့်ပါ။

လူတိုင်းမှာ အတွေးတွေရှိကြပါတယ်။ အတွေးတွေကိုပြောင်းလဲရင် ဘဝကိုလည်းပြောင်းလဲနိုင်တယ်ဆိုပြီးလည်း ပြောကြပါတယ်။ ကျွန်မတို့ အချိန်တိုင်းမှာ အတွေးတွေများနေတတ်ကြပေမဲ့ 98% ကတော့ အရင်တွေးနေကျအတွေးတွေကိုပဲ ထပ်ခါခါတွေးနေတတ်တာမျိုးပါ။ ဒါကြောင့် ကိုယ်ကဘယ်လိုအတွေးတွေကို အထပ်ထပ်အခါခါတွေးမိနေသလဲဆိုတာကို သတိထားမိဖို့လိုပါတယ်။

တစ်ခါတလေကျရင် ကျွန်မတို့တွေက ငါကအနာဂတ်မှာ ကောင်းတာတွေလုပ်ဖို့စဉ်းစားနေတာပဲ၊ ငါ့ကိုယ်ငါလည်း ပြန်ပြီးမြင်နိုင်အောင် reflection တွေလည်းလုပ်နေတာပဲလို့ ထင်တတ်ကြပါတယ်။ ကိုယ်တွေးနေတဲ့အတွေးတွေက တကယ်အရည်အသွေးရှိရဲ့လား၊ ကိုယ့်ဘဝကို တိုးတက်စေရဲ့လား၊ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးတိုးတက်လာစေမဲ့၊ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မဲ့၊ အရည်အချင်းတွေကို ပြည့်မှီလာစေမဲ့အတွေးတွေဟုတ်ရဲ့လား ဆိုတာကိုတော့ပြန်ပြီး သုံးသပ်ကြည့်စေချင်ပါတယ်။

John C. Maxwell ရဲ့ How Successful People Think ဆိုတဲ့ စာအုပ်ထဲမှာဆိုရင် ကိုယ့်အတွက်ကောင်းတဲ့၊ ကိုယ့်ကိုတိုးတက်စေနိုင်တဲ့ အတွေးပေါင်း(၁၁) မျိုးအကြောင်းကို ပြောပြထားပါတယ်။

1. Big Picture Thinking

အပေါ်စီးကနေအရာအားလုံးကို ခြုံငုံကြည့်ပြီးတွေးတတ်တဲ့ အရည်အသွေးဖြစ်ပါတယ်။ Big Picture Thinking ရှိမယ်ဆိုရင် လူတစ်ယောက်က ဉာဏ်ပညာနဲ့ပြည့်စုံစေတယ်လို့ ပြောထားပါတယ်။

2. Focused Thinking

ကိုယ်က အပေါ်စီးကနေပဲကြည့်တတ်တယ်၊ တစ်ခုခုကိုအာရုံစူးစိုက်ပြီး မကြည့်တတ်ဘူးဆိုရင်လည်း ရလဒ်ရမှာမဟုတ်ပါဘူး။ ကိုယ်က တစ်ခုခုကိုအာရုံစိုက်ပြီး အစကနေအဆုံးထိ ပြီးမြောက်အောင်လုပ်ဆောင်ဖို့ တွေးတတ်တဲ့အကျင့်လည်း လိုအပ်ပါတယ်။

3. Creative Thinking

ကိုယ့်ကိုတားဆီးထားတဲ့ ကန့်သတ်ချက်တွေ၊ ဘောင်တွေထဲကနေဖောက်ထွက်ပြီး ကွန့်မြူးပြီးတွေးနိုင်တဲ့အရည်အချင်းဖြစ်ပါတယ်။ ကိုယ့်ကိုလည်း ပျော်ရွှင်စေပါတယ်။ ဒီလိုမျိုးတွေးတတ်တယ်ဆိုရင် ဘဝရဲ့နေရာတစ်ခုတည်းမှာ ပိတ်မိနေတာမျိုးမဟုတ်တော့ဘဲ ပိုပြီးပျော်ရွှင်တာကို ခံစားရစေပါတယ်။

4. Realistic Thinking

Creative Thinking ရှိပြီး ဘောင်ထဲကနေဖောက်ထွက်ပြီးတော့ တွေးတတ်ပေမဲ့လည်း ကိုယ့်ရဲ့လက်ရှိအခြေအနေမှာ ဘာဖြစ်နေလဲဆိုတာကိုမသိရင်လည်း တကယ့်လက်တွေ့ကနေ လွတ်သွားတတ်တာမို့ လက်ရှိအခြေအနေကိုသိတဲ့ Realistic Thinking ဆိုတာလည်း ရှိရပါမယ်။

5. Strategic Thinking

မဟာဗျူဟာကျကျ တွေးခေါ်တတ်ခြင်းပါ။ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကို ဘယ်လိုရောက်အောင်သွားမလဲဆိုတဲ့လမ်းကြောင်းကိုသိတဲ့သူ၊ လမ်းကြောင်းကိုတွေးနိုင်တဲ့သူက မဟာဗျူဟာကျကျတွေးခေါ်တတ်ခြင်းရဲ့ တန်ခိုးစွမ်းအားကို ခံစားရပါတယ်။

6. Possibility Thinking

ဖြစ်နိုင်ခြေရှိတာတွေကို တွေးတောတတ်ဖို့လည်း လိုပါတယ်။ ကိုယ်သိထားတဲ့ ဖြစ်နိုင်ချေတွေ၊ ကိုယ်မသိသေးတဲ့၊ မမြင်ရသေးတဲ့အရာတွေ စတဲ့ ဖြစ်နိုင်ချေတွေအားလုံးကို ထည့်ပြီးစဉ်းစားတတ်တဲ့အရည်အသွေး ဖြစ်ပါတယ်။

7. Reflective Thinking

ကိုယ်ကိုယ်တိုင်ရော၊ တခြားသူတွေရော မှန်ခဲ့တဲ့အရာတွေ၊ မှားခဲ့တဲ့အရာတွေအပေါ်ကို ပြန်ပြီးတော့စဉ်းစားတတ်ဖို့ လိုပါတယ်။ Reflective Thinking သာရှိရင် အမှားတွေကနေပဲ ဖြစ်ဖြစ်၊ အမှန်တွေကနေဖြစ်ဖြစ်သင်ယူပြီး ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်လုပ်လို့ရပါတယ်။

8. Popular Thinking

လူကြိုက်များတဲ့အကြောင်းအရာတွေအပေါ်မှာ တခြားသူတွေက ဘယ်လိုစဉ်းစားတာလဲ၊ ကိုယ်က ဘယ်အတိုင်းတာအထိလက်ခံနိုင်တယ်၊ ဘယ်အတိုင်းအတာအထိတော့ လက်မခံနိုင်ဘူး စသည်ဖြင့် တွေးတာဖြစ်ပါတယ်။ Popular ဖြစ်နေတဲ့အကြောင်းအရာတွေအပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့အတွေးဘောင်ကို ချဲ့ထွင်တာဖြစ်ပါတယ်။

9. Shared Thinking

ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ကိစ္စတစ်ခုကို ဘယ်လိုလုပ်ကြမလဲဆိုတာကို ကိုယ့်ရဲ့အဖွဲ့နဲ့ထိုင်ပြီး အတူတူအဖြေရှာ၊ အတူတူတွေးတာမျိုးပါ။ ဒီလိုမျိုးအလုပ်လုပ်တဲ့ပုံစံမျိုးကလည်း ကိုယ့်ကိုပိုပြီးတော့အားကောင်းစေတဲ့အရာဖြစ်ပါတယ်။

10. Unselfish Thinking

ငါ့အတွက်၊ ငါ ဆိုတဲ့ အရာတွေကနေကျော်လွန်ပြီး သူများအတွက် ငါဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကိုတွေးတာပါ။ ဒါလေးလုပ်လိုက်ရင် သူများအတွက် ဘယ်လိုအကျိုးကျေးဇူးရှိသွားမလဲဆိုတာကိုစဉ်းစားပြီး အလုပ်လုပ်တာသည် unselfish thinking ဖြစ်ပါတယ်။ ဒါလေးကလည်း ကိုယ့်အတွက်ကောင်းစေတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။

11. Bottom-Line Thinking

အတ္တဟိတနဲ့ ပရဟိတ မျှမျှတတတွေးတတ်တာပါ။ သူများအတွက်ပဲလုပ်နေတာမျိုးမဟုတ်ဘဲ ကိုယ့်အတွက်လည်း အမြတ်ရအောင်၊ အရင်းကြေအောင်၊ ကိုယ့်အင်အားနဲ့ တူညီတဲ့ ရလာဒ်မျိုးရအောင်လုပ်နိုင်ရပါမယ်။

ကိုယ်တွေးနေတဲ့အရာသည် ဒီအတွေးတွေထဲက ဟုတ်နေရဲ့လားဆိုတာကို ပြန်ပြီးတော့ ဆန်းစစ်ကြည့်ပါ။ အကယ်၍ မဟုတ်နေဘူးဆိုရင် ကိုယ်ရဲ့အတွေးတွေက  တကယ်တမ်း အကျိုးရှိတာတွေမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့မသိစိတ်ကနေ လျှောက်ပြီးတွေးနေတာ၊ ဦးနှောက်အထဲမှာ မှတ်ထားပြီးသားအကြောင်းအရာတွေကို ပြပေးနေတဲ့သဘောပါပဲ။

ဒီလိုမျိုး မသိစိတ်ကနေ တွေးချင်ရာတွေတွေးနေမဲ့အစား ကိုယ့်ကိုယ်ကိုယ်သတိထားမိတယ်ဆိုရင် ငါတကယ်ပဲ အကျိုးရှိမယ့်အရာတွေကို တွေးနေတာလား၊ ဒါမှမဟုတ် ဦးနှောက်က သူ့အလိုလို အလုပ်လုပ်နေတာလားဆိုတာကို ပြန်စဉ်းစားသုံးသပ်ပြီးတော့ ကိုယ့်အတွက် အကျိုးရှိမဲ့အတွေးလေးတွေကိုတွေးဖြစ်ဖို့ လေ့ကျင့်ယူသင့်တဲ့အကြောင်းလေး မျှဝေပေးလိုက်ပါတယ်။

ကိုးကား - How Successful People Think by John C. Maxwell

ထက်ရည်