ကောင်းမွန်တဲ့ Brand Image တစ်ခုကို တည်ဆောက်တဲ့အခါ သူများလုပ်တိုင်း လိုက်လုပ်စရာမလိုပါ။
ပုံမှန်အားဖြင့် လုပ်ငန်းတစ်ခုရဲ့ပိုင်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ Brand Image ကို ဘယ်လိုတည်ဆောက်ချင်တာလဲ၊ လုပ်ငန်းစတည်ထောင်ကတည်းက ကိုယ့်ကုမ္ပဏီရဲ့ရေရှည်ရေတိုရည်မှန်းချက်တွေ၊ လုပ်ငန်းရဲ့အခြေပြုသွားမယ့် Values တန်ဖိုးစံသတ်မှတ်ချက်တွေကို သိပြီးသားဖြစ်ပါတယ်။ နည်းနည်းကြာလာလို့ ကုမ္ပဏီနဲ့လုပ်ငန်းကကြီးလာတဲ့အခါ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက် စီးပွားဖက်ပါတနာတွေ၊ ကိုယ်နဲ့အတူတူ တာဝန်တွေကိုခွဲယူမဲ့ ရာထူးအဆင့်မြင့်တဲ့မန်နေဂျာတွေ၊ ဌာနအကြီးအကဲတွေကို ခန့်အပ်ရပါတယ်။
နေ့စဉ်လုပ်ငန်းတာဝန်နဲ့ဆိုင်တာတွေကို အဆင့်ဆင့်သင်ကြားပေးကြပေမယ့် ကိုယ့်ကုမ္ပဏီရဲ့ Branding အကြောင်း၊ Vision, Mission, Values တွေ၊ နာမည်ကောင်းကို ဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတာတွေကို အောက်ခြေအထိရောက်အောင် မျှဝေတာ၊ သင်ပေးတာမျိုး မလုပ်ဖြစ်ကြပါဘူး။ ကုမ္ပဏီကြီးလာတာနဲ့အမျှ ကိုယ်နဲ့တူတူအလုပ်လုပ်တဲ့ ဝန်ထမ်းတွေ၊ စီးပွားဖက်တွေ၊ လုပ်ငန်းခွင်က ကိုယ်နဲ့ပတ်သက်ဆက်စပ်နေရတဲ့ပုဂ္ဂိုလ်တွေကို ကိုယ်တည်ဆောက်ချင်တဲ့ Brand Image၊ ကိုယ့်ရဲ့ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်၊ စိတ်ကူးတွေ၊ တန်ဖိုးတွေအကြောင်းကို ပြောပြထားဖို့လိုပါတယ်။
ကိုယ်နဲ့အတူတူ ကိုယ့် Brand Image က ထပ်ချပ်မကွာလိုက်နေသလိုပဲ ကိုယ့်ရဲ့လက်အောက်က ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ပြောဆိုလုပ်ကိုင်ပုံတွေကလည်း လုပ်ငန်းရဲ့ Brand Image ကို သက်ရောက်မှုရှိနေပါတယ်။
Brand Image လို့ပြောလိုက်တာနဲ့ စတည်ဆောက်တဲ့အချိန်မှာတင်မဟုတ်ဘဲ Brand Value သည် တောက်လျှာက်ကိုယ်နဲ့ထပ်ချပ်မကွာ ကိုယ့်ရဲ့သမိုင်းလိုလိုက်နေမှာဖြစ်တာကြောင့် မတည်ဆောက်ခင်ကတည်းက သေချာစဉ်းစားသင့်ပါတယ်။ သူများလုပ်တိုင်း လိုက်ပြီးလုပ်စရာမလိုသလို၊ သူများလုပ်တဲ့အတိုင်းလည်း လိုက်လုပ်စရာမလိုပါဘူး။
စပြီး Brand မတည်ဆောက်ခင်ကတည်းက ဘာကြောင့် Brand ကိုတည်ဆောက်တယ်၊ ဘယ်ဟာကိုအခြေခံပြီးတည်ဆောက်မယ်၊ ဘယ်လိုဟာကတော့အရေးကြီးတယ်၊ ဘယ်ဟာတွေက values တွေ၊ ဘယ်ဟာတွေကတော့ values တွေနဲ့မကိုက်ညီဘူး သေသေချာချာအရင်ဆုံးဆန်းစစ်ပြီးမှသာ Brand ကိုတည်ဆောက်သင့်ပါတယ်။ ဒါမှသာ ရေရှည်ကိုယ့်ရဲ့ Brand ကို ဂရုစိုက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်တကယ်မယုံကြည်ဘဲ၊ authenticity ဆိုတဲ့ စစ်မှန်မှုမရှိဘဲတည်ဆောက်မိရင် ပေါ်ပင်ဖြစ်တတ်သလို ရေရှည်ဆက်လုပ်နိုင်ဖို့လည်း ခက်ခဲပါတယ်။
လုပ်ငန်းရှင်ကိုယ်တိုင်ရော၊ ဝန်ထမ်းတွေအနေနဲ့ပါ Facebook နဲ့ ဆိုရှယ်မီဒီယာမှာ post တင်တာ၊ လူတစ်ယောက်ကိုစကားပြောတာ၊ လုပ်ဆောင်ချက်အားလုံးသည် လုပ်ငန်းရဲ့ Image ကို လာပြီးသက်ရောက်မှုရှိပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေ၊ မန်နေဂျာတွေနဲ့ စီးပွားဖက်တွေအားလုံးရဲ့အပြုအမူတွေ၊ ကောင်းခြင်း၊ မကောင်းခြင်းအားလုံးသည် လုပ်ငန်းရဲ့ နောက်ကထပ်ချပ်မကွာလိုက်နေပါတယ်။
လုပ်ဆောင်ချက်သေးသေးတစ်ခုချင်းစီမှာ ကိုယ့်ရဲ့ Brand Image ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် မပင်ပန်းဘဲ၊ ငွေကုန်ကြေးကျအများကြီးနဲ့ ကြော်ငြာစရာမလိုဘဲ ကိုယ့်လုပ်ငန်းရဲ့ နာမည်ကောင်းကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။